တစ်ခါတစ်လေမှာ ကိုယ့်ကိုကိုယ် စိတ်ပျက်မိတယ်။ အသုံးမကျဘူးလို့လည်း ခံစားမိလာတယ်။ အခုတစ်လောဆို ပိုပိုဆိုးလာတယ်။
ငယ်ငယ်ကတည်းက ကျွန်တော့် ဦးနှောက်ထဲ ၊ အသွေးထဲ ၊ အသားထဲ ၊ စိတ်ကူးထဲမှာ ရှိနေတာက “ငါဟာ လူဖြစ်လာတုန်းမှာ ၊ လူတွေအတွက် အကောင်းဆုံး ပေးဆပ်နိုင်ခဲ့ရမယ်” ဆိုတာဘဲ။
အဲဒီ့အတိုင်းလဲ အမြဲတမ်းနေခဲ့တယ်။ အများအတွက်ဆိုတာ ရှေ့က ၊ ကိုယ်ပိုင် အတ္တဆိုတာ က နောက်မှ။ တစ်ခါတစ်လေ အတ္တဆိုတာတောင် ထားဖို့ မေ့မိတတ်တယ်။
ဟုတ်တယ် ၊ ကို mars ဝေဖန်ခဲ့သလိုဘဲ ၊ ငါဟာ တစ်ခါတစ်လေမှာ ဘယ်အရာမဆို မပြတ်မသား နဲ့ ၊ ဟိုလူက ဟိုဟာပြော “အင်း” ၊ ဒီလူက ဒါပြော “အင်း” လုပ်နေရတဲ့ စိတ်ဓါတ်...... အဲဒီ့ စိတ်ဓါတ် အရမ်းကြောက်ဖို့ကောင်းတယ်။ ငါဟာ ခေါင်းဆောင် ၊ ငါဟာ မတွေဝေသင့်ဘူး။ ငါဟာ ပြတ်သားသင့်တယ်။
တစ်ခါတစ်လေ ၊ ငါလုပ်နိုင်ပါ့တော့မလားလို့ သံသယအတွေးတွေနဲပြည့်လာပြန်တယ်။
ခုချိန်မှာတော့ အစ်ကိုတွေရဲ့ အကြံပေးမှု ၊ ကူညီပေးမှုတွေနဲ့ ကိုယ်တိုင် ခွန်အားပြန်ရလာအောင် ကြိုးစားနေရတယ်။
ဟုတ်တယ်။ အုပ်ချုပ်မှုပိုင်းတင်မဟုတ်ဘူး ၊ အရာရာမှာ အခက်အခဲဆိုတာရှိတယ်။ အရာရာသာလွယ်ကူနေရင် လူ့ဘ၀ဆိုတာ ဘယ်ရှိနိုင်ပါတော့မလဲ။
လူ့ဘ၀ရောက်လာမှတော့ လူနဲ့တူအောင် ရုန်းကန် လှုပ်ရှားရတော့မှာပေါ့။ ဒါဟာ “ဘ၀” ဘဲလေ။
အခက်အခဲကြုံလာလို့ ကျဆုံးသွားတဲ့ အခါ ၀မ်းနည်း ၊ စိတ်ဓါတ်ကျနေတော့ရော ဘာထူးမှာလည်း။
အဲလိုဘဲ တစ်ချိန်တစ်ခါက တစ်စုံတစ်ရာ ကြိုးစားခဲ့လို့ ရခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းတွေးပြီး ဒီနေ့ ၊ ဒီအချိန်ထိ ပျော်ရွှင်နေလို့လည်း အကျိုးမထူးဘူးလေ။
ရှုံးနိမ့်သွားတဲ့ အချိန်မှာလည်း ဘာကြောင့် ရှုံးနိမ့်ခဲ့တာလည်း ဆိုတာကို သုံးသပ်ပြီး ၊ မအောင်မြင်မချင်း ထပ်ကြိုးစား။ ဘယ်တော့မှ လက်မလျှော့ဘဲ အကောင်းဆုံး အချိန်ကိုရောက်လာအောင် ကြိုးစားသွားရမှာပေါ့။
အဓိက ရှိရမယ့်စိတ်က “ဘယ်တော့မှ အရှုံးမပေးဘူး” ဆိုတာဘဲ။
ပြဿနာတွေ ၊ အခက်အခဲတွေ ကို ရင်ဆိုင်လာရရင် ရှောင်ပုန်းနေမယ့်အစား ၊ အဲဒီ့ ပြဿနာကို ရင်ဆိုင်လိုက်.
ပြဿနာတစ်ခုကို ဖြေရှင်းလို့ အောင်မြင်သွားတဲ့ အခါတိုင်းမှာ ၊ အဲဒီ့ အောင်မြင်မှုထက် တန်ဖိုးကြီးတဲ့ အရာကတော့ ၊ အဲဒီ့ ပြဿနာကို ဖြေရှင်းခဲ့ချိန်မှာ ရလိုက်တဲ့ အတွေ့အကြုံတွေဘဲ။
အခုချိန်မှာ ကြုံနေရတဲ့ အခက်အခဲ... အဲဒီ့ အခက်အခဲကို ငါအကောင်းဆုံးရင်ဆိုင်ရမယ်။
ငါ ဒီ အခက်အခဲကို ရင်ဆိုင်နိုင်တယ်။ ငါကိုယ်တိုင် ဒီ အခက်အခဲတွေကို တစ်ချိန်ချိန်မှာ အားလုံး ပြီးပြတ်သွားအောင် ဖြေရှင်းနိုင်လိုက်လိမ့်မယ်။
အားတင်းထားရမယ်။ ဘယ်တော့မှ စိတ်ဓါတ်ကျလို့မဖြစ်ဘူး။ ငါ့နောက်မှာ ငါ့ကို ယုံတဲ့သူတွေလည်း ရှိနေတယ်။ ငါ့ကို ချစ်တဲ့သူတွေလည်း ရှိနေတယ်။ ငါ သူတို့အတွက် အကောင်းဆုံးပုံစံနဲ့ နေပေးရမယ်။
အကောင်းဆုံးသော နေ့ရက်များပြန်လာတဲ့နေ့ကို ထိုင်စောင့်နေမယ့်အစား ၊ အလုပ်လုပ်ပြီးစောင့်နေမယ်ဆိုရင် ၊ ကောင်းသည်ထက် ကောင်းတဲ့နေ့တွေကို ရလာကြမှာပေါ့။ အဲဒီ့တော့ ထိုင်နေမယ့်အစား ၊ တစ်ခုဆို တစ်ခုပြီးသွားအောင် ကြိုးစားလိုက်ရအောင်.....