Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့ အတူလိုက်သွားပါတယ်။
ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။
သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။
သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။ ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။ သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁ သိန်းခွဲပါတဲ့ဗျာ။
သင်တန်းကာလကလည်း ၃ လ ခွဲတည်းရယ် ပြီးတော့ ရမယ်ဆိုရင်လည်း ဒီကပေးတဲ့ ရိုးရိုး Certificate လေးဘဲရမှာ။ သင်တန်းကတော့ နာမည်ကြီးသင်တန်းတစ်ခုပါ။တက်ရင်တော့ လည်း တက်တော့တက်သင့်ပါတယ်။
လက်မှတ်ဆိုတာက အရေးမကြီးဘူး တကယ်တတ်ဖို့လိုတာဆိုပေမယ့် ၊ ဒီနေ့ခေတ်မှာ အလုပ်ရှာပြီဆိုရင် သက်ဆိုင်ရာ လက်မှတ်တစ်ခုခု ရှိနေမှ ရှာရတာလွယ်ပါတယ်။ အရည်အချင်းလည်း တကယ်ရှိတယ် ၊ တော်လည်း တကယ်တော်တယ်ဆိုပေမယ့် သက်မှတ်ထားတဲ့ လက်မှတ်တစ်ခုခုမှ မရှိရင် အလုပ်ရဖို့ဆိုတာ တော်တော် ခက်ခဲနေပါတယ်။ အဲဒါကြောင့်လည်း သင်တန်းတွေတက် စာမေးပွဲတွေ ဖြေလုပ်နေကြတာနေမှာပါ။ အဲဒီ့အထဲမှာ ကျနော်တို့လည်း အပါအ၀င်ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဒီနေ့ အဲလိုသင်တန်းသွားစုံစမ်းလိုက်တာ ၊ ကျနော့်သူငယ်ချင်းက တက်တော့တက်ချင်ပေမယ့် ၊ သင်တန်းစရိတ်ကို ကြားရတာနဲ့တင် သူလည်းမတတ်နိုင်လို့ လန့်ပြေးလာခဲ့ရပါတယ်။ ကျနော့် သူငယ်ချင်းက ကိုယ့်ဟာကိုယ် ပိုက်ဆံစုပြီးတက်မယ့်သူပါ။ ၇ သောင်း ၊ ၈ သောင်းလောက်အထိ သူလည်းတတ်နိုင်ပါသေးတယ်။ ဒါပေမယ့် သိန်းကျော်သွားတော့... သူ့အိမ်ကလည်း စိုက်ပေးမှာမဟုတ်တော့ ဒီအတိုင်း စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါတယ်။


ကျနော် ပြောချင်တာက အဲလို သင်တန်းတွေ တက်ချင်ရင် ၊ အဲဒီ့လောက် ပိုက်ဆံတွေပေးမှ ရတော့မှာလား။ လက်မှတ်တစ်ခုကို သိန်းနဲ့ချီပြီးတော့ ၀ယ်နေရပြီလား။ ကိုယ်တိုင်က နဂိုတော်နေတယ်ဆိုရင်တောင် ၊ ပိုက်ဆံမတတ်နိုင်တဲ့ အခါ လိုချင်တဲ့ လက်မှတ်ကို မရနိုင်တော့ဘူးလား။
စီးပွားရေးသမားတွေက ပညာရှင်တွေ ထမင်းစားဖို့ လက်မှတ်လေးတစ်ခုကို ဒီလိုပုံစံနဲ့ ရောင်းစားနေကြတာဟာ ၊ ဘာကြောင့်ပါလဲ။

ကျနော်တို့တွေ သင်တန်းမတက်ဘဲ ကိုယ်တိုင်လေ့လာရင် Online မှာ လေ့လာစရာတွေ အများကြီးရှိတယ်ဆိုပေမယ့် ၊ အဲလိုလေ့လာတဲ့ အခါမှာလည်း Internet သုံးဖို့အတွက် ပိုက်ဆံရှိဖို့လိုပါသေးတယ်။
Internet ထဲမှာ ရှိတဲ့ အကြောင်းအရာတွေက ယနေ့တိုင် အင်္ဂလိပ်လိုတွေက များနေတော့ အကယ်လို့သာ အင်္ဂလိပ်စာမကျွမ်းကျင်တဲ့ သူတစ်ယောက်ဟာဆိုရင် အင်္ဂလိပ်စာသင်တန်းကို သွားတက်ဖို့လိုလာပြန်ပါပြီ။ ထို့အတွက်လည်း ပိုက်ဆံဆိုတာလိုဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်စာ သင်တန်းနဲ့ ပတ်သက်ရင်တော့ ပညာဒါန လုပ်တဲ့ သင်တန်းတွေ ရှိပါသေးတယ်။ ၀င်ကြေး (သို့) စေတနာ ရှိသလောက် ထည့်ပေးရင် တက်လို့ရပါပြီ။ အင်္ဂလိပ်စာအတွက်တော့ အဲဒီ့နည်းနဲ့ နည်းနည်း အဆင်ပြေနိုင်ပါတယ်။
အကယ်လို့ အင်္ဂလိပ်စာလည်းတတ်တယ် ကိုယ်တိုင်လည်း လေ့လာပြီးလို့ တကယ်တတ်သွားပြီ ဆိုပါတော့ လုပ်ငန်းခွင်ဝင်လို့ မရသေးပါဘူး။ လက်မှတ်တစ်ခုခုရအောင် စာမေးပွဲတွေဖြေရပါဦးမယ်။ အဲဒီ့အခါမှာလည်း ပိုက်ဆံဆိုတာ လိုလာပြန်ပါပြီ။ နိုင်ငံတကာ စာမေးပွဲတွေ ဖြေချင်ရင် စာမေးပွဲကြေးတင် အနည်းဆုံး ၁ သိန်းရှိပါတယ်။ သင်တန်းတက်ဖို့လိုရင် သင်တန်းကြေးပါဦးမှာပါ။

အရာအားလုံးမှာ ပိုက်ဆံဆိုတာ လိုနေပါတယ်။ ကျနော်တို့ဟာ အနည်းဆုံး ၁ သိန်းလောက်မှ မတတ်နိုင်ရင် စာမေးပွဲမဖြေနိုင်တော့သလို ၊ Internet ဖိုးကိုပါ ပုံမှန် မတတ်နိုင်တဲ့ အခါမှာတော့ ပိုဆိုးကုန်ပါပြီ။ ဘာမှကို တတ်လာမှာ မဟုတ်တော့ပါဘူး။

စာမေးပွဲတွေကို Free ပေးဖြေပြီးတော့ တကယ်တော်တဲ့သူတွေကိုသာ ရွေးထုတ်ပြီး အောင်လက်မှတ် ပေးတဲ့ နေရာတွေကောမရှိဘူးလား။
ဒါမှမဟုတ်ရင် Online မှာ e-book အလကားရနိုင်ပေမယ့် ၊ အင်တာနက် မသုံးနိုင်တဲ့သူတွေနဲ့ Connection နှေးလို့ လိုချင်တဲ့စာအုပ်မရတဲ့သူတွေ ၊ ဒါမှမဟုတ်ရင် Rapidshare လိုနေရာမျိုးမှာ တင်ထားတဲ့ စာအုပ်တွေကို လိုချင်ပေမယ့် မရနိုင်တဲ့ သူမျိုးတွေအတွက်ကော ၊ အပြင်မှာ စာအုပ်တွေ မရှိကြဘူးလား။ အပြင်မှာ ရောင်းတဲ့ ရိုးရိုးစာအုပ်တွေကလည်း နည်းနည်းထူပြီးတော့ လူသိများတဲ့ ဘာသာရပ်တစ်ခုခုဆိုရင် အနည်းဆုံး ၁ သောင်းဖြစ်နေပါတယ်။ အဲဒီ့အတွက်ကော စာအုပ်ကို အလကားမပေးနိုင်ရင်တောင်မှ ၊ ဈေးချိုချိုနဲ့ ၀ယ်လို့မရနိုင်တော့ဘူးလား ၊ ဒါမှမဟုတ်ရင် BC နဲ့ AC လိုမျိုး စာအုပ်ငှားပေးတဲ့ မြန်မာပိုင် စာကြည့်တိုက်တွေ ဘာလို့မရှိရတာလဲ။ သူများနိုင်ငံကတောင်မှ စာကြည့်တိုက်လာဖွင့်သေးရင် ၊ ဒီနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကကော ဘာလို့ စာကြည့်တိုက်တွေ လုပ်ပေးပြီးတော့ မြန်မာလူမျိုးအချင်းချင်း ပညာလေ့လာလို့ရအောင် မလုပ်ပေးကြတာလဲ။ ဒါမှမဟုတ် စာကြည့်တိုက်ကရှိရဲ့သားနဲ့ဘဲ လူသိနည်းနေတာလား။ စာအုပ်မစုံသေးလို့ဘဲလား။ စာအုပ်မစုံရင်ကော ၊ ဘာလို့ အလှူငွေဆိုတာမရှိရတာလဲ။ ဘာလို့မ၀ယ်ကြတာလဲ။

နောက်တစ်ခု ကျနော် တွေ့ရတာက ၊ KMD , MCC စတဲ့ Computer Center တွေဟာ IDCS လိုသင်တန်းမျိုးတွေကို ၁၀ တန်းမှာ ထူးချွန်စွာအောင်ခဲ့တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးပေးပြီးခေါ်နေကြပါတယ်။
ကျနော် ဝေဖန်ချင်တာက အဲလို ထောက်ပံ့ပေးတာဟာ တကယ်တော့ လုံးဝကို မထိရောက်တဲ့ ထောက်ပံ့မှုတစ်ခုပါ။
၁၀ တန်းမှာ ၆ ဘာသာ ၊ ၅ ဘာသာ စသည်ဖြင့် ထွက်တဲ့သူတွေဟာ အဲဒီ့ Center တွေမှာ တက်မယ်ဆိုရင် သင်တန်းကြေးအလကားနဲ့ တက်ရပါတယ်။ စာမေးပွဲကြေး ၄ သိန်းလောက်ဘဲ ကုန်တဲ့သဘောပါ။
ဒါပေမယ့် တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါ ၊ မြန်မာကျောင်းသား အများစုဟာ ၁၀တန်းမှာ အဲလို ဘာသာစုံဂုဏ်ထူး ဒါမှမဟုတ်ရင် အမှတ်ကောင်းကောင်းရခဲ့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးကို ရွေးချယ်ကြပါသလဲ?
သူတို့အားလုံးဟာ ၀ါသနာပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ဆေးတက္ကသိုလ် သို့တက်ရောက်ကြပါတယ်။ သူတို့ဟာ မိဘရဲ့ ဆန္ဒအရရော ၊ ဂုဏ်တစ်ခုအနေနဲ့ပါ ၊ အမှတ်ကောင်းတာနဲ့ မိမိရဲ့ ၀ါသနာကို မစဉ်းစားဘဲ ၊ ဆေးကျောင်းကိုသာ တက်ကြမယ့်သူမျိုးတွေပါ။
မိမိဝါသနာကိုသာ ရွေးချယ်ပြီးလုပ်မယ့်သူဟာ 1 % လောက်ဘဲရှိမှာပါ။ အဲဒါကြောင့် အဲလိုလူတွေကို ခုနကလို Computer Center တွေက ပညာသင်ဆုပေးတယ်ဆိုတာဟာ ၊ တကယ်တော့ သဲထဲရေသွန်နေကြတာပါ။
အဲဒီ့သင်တန်းကျောင်းတွေဟာ မြန်မာကျောင်းသားတွေကို တကယ်အကျိုးရှိစေချင်တာဆိုရင် ၊ ဂုဏ်ထူးရတဲ့ သူတိုင်းကို ဆုမပေးသင့်ပါဘူး။ အရည်အချင်းစစ်စာမေးပွဲ တစ်ခုခုပြုလုပ်ပြီးတော့ တကယ်ကြိုးစားချင်တဲ့ ၊ အရည်အချင်းရှိမယ့်သူတွေ ၊ ၀ါသနာပါတဲ့ သူတွေကိုသာ ပေးသင့်ပါတယ်။

အဲဒီ့လိုဆိုရင်တော့ ပိုက်ဆံမတတ်နိုင်တဲ့သူလည်း ၊ အဲဒီ့သင်တန်းမျိုးကို အလွယ်တကူတတ်နိုင်မှာ ဖြစ်ပြီးတော့ ၊ ၁၀တန်းတုန်းကတည်းက IT ကို ၀ါသနာပါလို့ ကျောင်းစာသေချာမလုပ်ခဲ့ဘဲ ၊ ဂုဏ်ထူးရနည်းတဲ့သူတွေဟာလည်း အိုင်တီနဲ့ပတ်သက်တဲ့ အဲဒီ့လိုသင်တန်းမျိုးတွေကို တက်နိုင်မှာဖြစ်ပါတယ်။ တကယ်တော်တဲ့သူကို အကျိုးရှိရှိနဲ့ သေချာရွေးချယ်ချီးမြှင့်စေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စာမေးပွဲကြေးကိုပါ ထောက်ပံ့ပေးတာမျိုးရှိနေသင့်ပါတယ်။
ကျနော်ဒီလိုရေးနေတာ KMD နဲ့ MCC ဘယ်သင်တန်းကိုမှ ဂုဏ်သိက္ခာချနေခြင်းမဟုတ်တာကို နားလည်စေချင်ပါတယ်။ ကျနော်ကိုယ်တိုင် KMD မှာ သင်တန်းအချို့ကို တက်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။
အဲဒါကြောင့် ကျနော်က သင်တန်းအားလုံးကို ကောင်းစေချင်တဲ့သဘောနဲ့သာ အကြံပေးချင်းသက်သက်သာ ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့က အဲဒီ့လို သင်တန်းတွေကို တက်ကြတဲ့ လူတန်းစား တွေပါ။
အဲဒီ့လိုသင်တန်းမျိုးတွေကို တက်တဲ့သူတွေဟာ ပညာသင်ဆုဆိုတာသာမရှိခဲ့ရင် ပိုက်ဆံတတ်နိုင်တဲ့သူတွေဘဲတတ်ကြတာများပါတယ်။ သင်တန်းကြေးရော ၊ စာမေးပွဲကြေး ပေါင်းရင် ၈ သိန်းခန့်ကုန်မှာပါ။
အဲဒီ့လို ကုန်ကျစရိတ်မျိုးရှိတဲ့အတွက်လည်း ပိုက်ဆံမရှိတဲ့သူမျိုးဟာ တတ်နိုင်ခြင်းမရှိကြတော့ပြန်ပါဘူး။
ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေဟာလည်း မိမိတို့ရဲ့ သားသမီးတွေရဲ့ ၀ါသနာ အရည်အချင်းတွေကို မကြည့်နေတော့ဘဲနဲ့ ၊ IT လုပ်ငန်းဟာ ပိုက်ဆံအရလွယ်တယ် ၊ မြန်တယ်ဆိုပြီးတော့ ငွေ ၈ သိန်းကို လွယ်လွယ်လေးနဲ့ အပုံလိုက်ပစ်ပေးပြီး သင်တန်းတက်စေပါတယ်။
ဒါပေမယ့် သင်တန်းလာတက်တဲ့သူတွေဟာ မိဘရဲ့ ဆန္ဒအရသာ လာတက်တာဖြစ်ပြီး ၀ါသနာလုံးဝမပါတဲ့အခါမှာ စာမေးပွဲတွေ အခါခါကျတာမျိုးတွေ ရှိနေပါတယ်။ အဲဒီ့အခါမှာ မိဘတွေအတွက်လည်း အချိန်ကုန်လူပင်ပန်းဖြစ်စေပါတယ်။
အဲဒီ့လို ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီး ဆန္ဒနဲ့ ၀ါသနာကို အရင်ဆုံးကြည့်ပြီးမှ ထိုသို့သော သင်တန်းတွေကို တက်ခိုင်းတာ သင့်လျော်မယ်ထင်ပါတယ်။ အဲလိုမဟုတ်ရင် မိဘတွေရဲ့ ပိုက်ဆံဟာ အလဟဿဖြစ်ကုန်ပါလိမ့်မယ်။
အကယ်လို့ ပိုက်ဆံတအားပေါနေတယ်ဆိုရင်လည်း ငွေကြေး မတတ်နိုင် သော်လည်း ကြိုးစားပြီးပညာသင်ချင်တဲ့ ကလေးတွေ အများကြီးရှိပါတယ်။ အဲလို ကလေးတွေကို ငွေကြေးထောက်ပံ့လိုက်တာဟာ ကုသိုလ်လည်းရပါတယ်။ အကျိုးလည်းရှိမှာပါ။


ဒီစာလေးကို ကျနော်ဒီနေ့ ကြုံခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်တစ်ခုကနေ အစပြုပြီးတော့ ဆွေးနွေးလိုက်တာဖြစ်ပါတယ်။
ကျနော့် ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း တစ်ခါထဲထည့်ပြီးတော့ ဆွေးနွေးထားတာပါ။ အရင်ကတည်းက ဒါမျိုးဆွေးနွေးမှုကို ဆွေးနွေးချင်ခဲ့ပေမယ့် ကျနော်ကိုယ်တိုင်က ပိုက်ဆံမတတ်နိုင်တဲ့ သူတွေရဲ့ ခံစားချက်ကို နားမလည်သလို ၊ သူတို့ရဲ့ အခက်အခဲတွေကိုလည်း မသိခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်ရေးလိုက်ရင် မှားသွားမှာဆိုးလို့ မရေးခဲ့တာပါ။
ဒီနေ့တော့ ကျနော့်သူငယ်ချင်းဆီကနေပြီးတော့ သူ့ရဲ့ အခက်အခဲတွေနဲ့ ခံစားချက်တွေကို နည်းနည်းမေးပြီးတော့ ဒီစာကိုရေးလိုက်တာပါ။ ကျနော်ရေးတာဟာ အမှားအယွင်းတွေလည်းပါနိုင်ပါတယ်။
တစ်စုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ရည်ရွယ်ချက်လည်း လုံးဝ မပါရှိပါဘူး။ အကယ်လို့ ထိခိုက်သွားမယ်ဆိုရင်တော့ ကျနော်ဒီနေရာကနေ အနူးအညွတ် တောင်းပန်ပါတယ်။

ဒါပေမယ့် ကျနော် ဒီစာကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဟာ ဘယ်လိုဘယ်ပုံနဲ့ ကိုယ် လိုချင်တဲ့ ပညာ ၊ လိုချင်တဲ့ လက်မှတ်မျိုးကို ရနိုင်မယ်ဆိုတာကို ဆွေးနွေးသွားချင်တာပါ။
မြန်မာနိုင်ငံရဲ့ လူငယ်တွေအနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးစေချင်တာပါ။ ပညာရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်ပြီးဆွေးနွေးပေးကြပါ။
ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေဟာ တစ်စုံတစ်ယောက်ကို အကျိုးရှိစေမယ်ဆိုရင်တော့ အလွန်ကို မွန်မြတ်တဲ့ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

မြန်မာ IT ဖိုရမ်တွေအနေနဲ့ IT နဲ့ ပတ်သက်လို့ အဓိကဆွေးနွေးရမှာ ဖြစ်ပေမယ့် ဒီလိုပြဿနာမျိုးတွေကိုလည်း ဆွေးနွေးသွားတာဟာ သင့်လျော်မယ်ထင်လို့ ရေးလိုက်တာပါ။ Admin တွေအနေနဲ့ မသင့်လျော်ဘူးထင်ရင်တော့ ကျနော့်စာကို ဖျက်နိုင်ပါတယ်။

မြန်မာ အိုင်တီ လောကတိုးတက်လာစေရန် နှင့် မြန်မာလူငယ်များရဲ့ အိုင်တီနဲ့ ပတ်သက်တဲ့ ပညာရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဆုတောင်းလျက်
$ƴǩǾ

http://www.myanmaritresource.info

aqua

aqua
MITR New User



စိတ်မကောင်းဖြစ်မိပါတယ်..တကယ်လဲအဲ့လိုလူငယ်လေးတွေအများကြီးမြင်နေရပါတယ်
Myanmaritpro မှာလဲအဲ့လိုဆွေးနွေးချက်တစ်ခုတွေ့ခဲ့တယ် ။ MITPro admin တွေရဲ့  discussion တွေကိုတွေ့ခဲ့တာပါ .ဆွေးနွေးချက်ထဲမှာတော့ ဒီလိုစရိတ်မတတ်နိုင်တဲ့လူငယ်တွေ နဲ့အထူးသဖြင့် တချို့ နယ်ဝေးကနေ ရန်ကုန်ထိလာရမယ့် လူငယ်လေးတွေအတွက်ပါစဉ်းစားထားပေးတာတွေ့ ရပါတယ် (ဖိုရမ်ထဲမှာပေါ့နော်) ။ဘယ်လိုလောက်ထိလဲဆို ဒီလိုမတတ်နိုင်တဲ့ထဲက ထူးချွန်တဲ့လူငယ်လေးတွေ အတွက် ရန်ပုံငွေ ရှာပေးမယ့်သဘောမျိုး ဒါမှမဟုတ် နယ်ဝေးဒေသတွေမှာ သင်တန်းဖွင့်ပေးမယ့် အစီစဉ်တွေလိုမျိုး အွန်လိုင်းမှာပဲမနက်ခင်းပိုင်းတွေမှာ သူတို့ကိုယ်တိုင်သင်ခန်းစာပေးမယ့် အစီစဉ်မျိုးတွေ ညိုနေတာတော့တွေ့ ပါတယ် ။ သင်တန်းစရိတ်တွေကတော့ တကယ်ပဲ တုန်လှုပ်စရာပါပဲ ..

sHa92

sHa92
Founder



Founder
aqua wrote:စိတ်မကောင်းဖြစ်မိပါတယ်..တကယ်လဲအဲ့လိုလူငယ်လေးတွေအများကြီးမြင်နေရပါတယ်
Myanmaritpro မှာလဲအဲ့လိုဆွေးနွေးချက်တစ်ခုတွေ့ခဲ့တယ် ။ MITPro admin တွေရဲ့  discussion တွေကိုတွေ့ခဲ့တာပါ .ဆွေးနွေးချက်ထဲမှာတော့ ဒီလိုစရိတ်မတတ်နိုင်တဲ့လူငယ်တွေ နဲ့အထူးသဖြင့် တချို့ နယ်ဝေးကနေ ရန်ကုန်ထိလာရမယ့် လူငယ်လေးတွေအတွက်ပါစဉ်းစားထားပေးတာတွေ့ ရပါတယ် (ဖိုရမ်ထဲမှာပေါ့နော်) ။ဘယ်လိုလောက်ထိလဲဆို ဒီလိုမတတ်နိုင်တဲ့ထဲက ထူးချွန်တဲ့လူငယ်လေးတွေ အတွက် ရန်ပုံငွေ ရှာပေးမယ့်သဘောမျိုး ဒါမှမဟုတ် နယ်ဝေးဒေသတွေမှာ သင်တန်းဖွင့်ပေးမယ့် အစီစဉ်တွေလိုမျိုး အွန်လိုင်းမှာပဲမနက်ခင်းပိုင်းတွေမှာ သူတို့ကိုယ်တိုင်သင်ခန်းစာပေးမယ့် အစီစဉ်မျိုးတွေ ညိုနေတာတော့တွေ့ ပါတယ် ။ သင်တန်းစရိတ်တွေကတော့ တကယ်ပဲ တုန်လှုပ်စရာပါပဲ ..

MyanmarITPro မှာလည်း ဒီလိုမျိုး ဆွေးနွေးချက်ရှိတယ်လား။
ကျနော်အဲဒီ့ထဲမရောက်တာကြာသွားတော့ တော်တော် အဆက်ပြတ်နေပြီ။ Very Happy အခုသွားရှာလိုက်ဦးမယ်။
အဆင်ပြေရင်တော့ ကျနော့်ဆွေးနွေးချက်နဲ့ သူတို့ရဲ့ အစီအစဉ်ကို ပူးပေါင်းဖို့ ညှိကြည့်လိုက်ဦးမယ်။
သူတို့ စီစဉ်နေတာတွေသာ တကယ်ဖြစ်လာရင်တော့ ကျနော်တို့လိုလူတွေ ပညာရပြီပေါ့။ Very Happy

http://www.myanmaritresource.info

§T

§T
MITR New User



ဒီမှာလည်းအဲ့လိုမျိုးလေးတွေလုပ်ပါလား...ဥပမာ Programming ဆိုရင် $ƴǩǾ က VB စာအုပ်ထုတ်ပေးမယ်ပြောတယ်..အဲ့လိုမျိုး learning လေးတွေ ဒီထဲမှာ လုပ်လိုက်ပါလား...ဖိုရမ်လည်း လှုပ်လှုပ်ရှား၂ ဖြစ်တာပေါ့...ဒီထဲမှာဝင်နေကြတဲ့သူတွေလည်း ၀င်ရေးနိုင်တဲ့သူတွေချည်းပါပဲ..



Last edited by §T on 2nd October 2009, 6:34 pm; edited 1 time in total

sHa92

sHa92
Founder



Founder
ဟဲဟဲ [Only admins are allowed to see this link] မသိချင်ယောင်ဆောင်မနေပါနဲ့ကွာ။

ကျနော်ဒီနေရာမှာဘဲ ကျနော်တို့ ဖိုရမ်ရဲ့ UnderGround Project တစ်ခုကို ကြေငြာပါ့မယ်။
ကျနော်တို့ ဖိုရမ်ထဲမှာ အခုဆိုရင် Team လေးတစ်ခု ဖွဲ့ပြီးတော့ မြန်မာလို Tutorial တွေကို ရေးပေးနေပါတယ်။
တော်တော်လေးစုံလာရင်တော့ ကျနော်တို့ အပြင်မှာ ဖြန့်ဝေမှာ ဖြစ်ပါတယ်။

အဲဒီ့ Team ထဲဝင်ချင်ရင်တော့ ကျနော့်ဆီကို စာရင်းပေးနိုင်ပါတယ်။
Team နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကတော့
[Only admins are allowed to see this link] တို့ ထုတ်တာပါ.

http://www.myanmaritresource.info

ko phyo

ko phyo
MITR New User



ခုလိုပြောပေးကြတဲ. အတွက်ကျေးဇူတင်ပါတယ်။ ဘာကြောင်.လည်းဆိုတော. ကျွန်တော်နဲ.တူလို.ပါပဲ။ သက်သာပြီးထိရောက်တဲ.သင်တန်း or စာမေးပွဲများရှိရင်လည်းပြောပေးကြပါ။ ဥပမာ ကျွန်တော်က hardware နှင်. networking ကို oါသနာပါတယ်. .အဲဒါပတ်သက်ပြီး အဆင်ပြေမယ်. ဟာပေါ.
ကျေးဇူးတင်လျှက်
ကိုဇြိုး

ET

ET
Moderator



Moderator
Level အလိုက်ခွဲပြီး သင်ကြားပြသနိုင်ရင် အားလုံးကောင်းမယ်လို့ ထင်ပါတယ်

တစ်ချို့ဆို အွင်္န်လိုင်းသုံးပြီး မတတ်တာတွေရှိပါတယ်
Basic က စပြီး Module တစ်ခုစီကို သက်ဆိုင်ခေါင်းစဉ်အောက်မှာ သင်ကြားနိုင်အောင်
ဆောက်ရွက်ပေးနိုင်သည်အထိလုပ်ပေးနိုင်ရန်
ကျနော်တို့ MITR Forum ဟာ အောင်မြင်လာမယ်၊ ငွေကြေးမတတ်နိုင်တဲ့ လူတွေအတွက်လည်း ပညာကူသိုလ်လည်းပေးနိုင်မယ်လို့ ထင်ပါတယ်

http://alinkarnya.blogspot.com/

sHa92

sHa92
Founder



Founder
ဟုတ်ပါတယ်ဗျာ။
နောက်ဆိုရင် ကျနော်တို့ Tutorial ရေးမယ့် ပုံစံကိုလည်း ပြောင်းလဲဖို့ စဉ်းစားထားပါတယ်။
မြန်မာဖို၇မ်တွေရဲ့ ထုံးစံအရ ကျူတိုရီရယ်တစ်ခုကို ရေးတဲ့သူက ဒီအတိုင်းရေးပြသွားပြီး ကျန်တဲ့သူက ဖတ်ချင်ဖတ် မဖတ်ချင်နေ ပုံစံကို ပြောင်းလဲဖို့ ကျနော် စဉ်းစားထားတာတွေရှိပါတယ်။
နောက်ပြီး ကျနော်လည်း အသက်နည်းနည်းကြီးလာလို့ ကျောင်းပြီးသွားပြီဆိုရင် ပညာဒါနသင်တန်းလေးတွေပါ လုပ်ပေးဖို့ စဉ်းစားမိပါတယ်။ (လောလောဆယ် အသက်ကတော့ လူမလေး ၊ေ-ွးမခန့်ဆိုတော့ ၊ အဲလိုသွားလုပ်ရင် လှောင်ခံရမှာ Smile ၊ ခုတောင် ဖိုရမ်လေးတစ်ခု လုပ်ပေးမိပါတယ်။ အသက်ငယ်ငယ်လေးက ဘာတတ်လို့လဲဆိုတဲ့ စတိုင်နဲ့ ၀ိုင်းလှောင်တဲ့သူတွေနဲ့ တွေ့နေရတာ တော်တော်များပြီ။) Sad

http://www.myanmaritresource.info

zay

avatar
MITR New User



ဒီ post ကို တွေ့ပြီး ကျွန်တော်လဲ တော်တော် နောင်တရခဲ့ တဲ့ အကြောင်းပါ...........ကျွန်တော်လဲ သင်တန်းတွေ အများကြီးတက်ခဲ့ပါတယ်.... ဘာရလဲ ဆိုတော့ ဘာမှမရခဲ့ဘူး.... ဘာတွေသင်ခန်းစာရခဲ့လည်းလို့ မေးရင်တော့ ဖြေစရာက သင်တန်းဆိုတာလဲ ကိုယ်လုပ်မှ ကိုယ်ရတာ ဆိုတဲ့အသိကလေးတော့ ရခဲ့တယ်..
သိန်းချီကုန်ပြီးမှသိခဲ့တဲ့ အသိပေါ့ဗျာ..........

ကျွန်တော်လည်း ဥာဏ်မှိသလောက်လေးတော့ ဆွေးနွေး ပေးပါ့မယ်............

လိုင်းရွေးချင်ခြင်း....

အဓိက တစ်ခုပါ.... လိုင်းမှာတာနဲ့ ဘာမှ လုပ် ချင် စိတ်ရှိမှာမဟုတ်တော့ဘူး... ကိုယ်ဘာ လုပ် ချင် လဲ ဆိုတာ သေချာစဉ်းစားပါ

နည်းပညာသမားတွေအတွက် အခြေခံ က အရေးအကြီးဆုံးပါ.....သိန်းချီကုန်ပြီးမှ အခြေံ ကောင်းမယ် ဆိုတဲ့ အတွေး ကို ခေါင်းထဲက အရင်ထုတ်ပစ်လိုက်..... Internet ကြီးရှိနေသရွေ့ ဆရာ မရှားဘူး...
်forum တွေကို join ပြီး ... ကိုယ်က ဘာတွေ လုပ် ချင်လဲ... ဘာတွေလေ့လာသင့်လဲ ဆိုတာ ကို အကြံဥာဏ်ယူပြီး
စလေ့လာပါ။ မသိတာတွေရှိရင်တော့ forum တွေမှာ ပညာရှင်တွေ ရှိပါတယ်... သူတို့ကိုအကူအညီတောင်း ပါ...
ဒီ forum မှာ ဆိုရင် $ƴǩǾ တို့လို ဆရာကျတဲ့သူတွေရှိပါတယ်...
ကိုယ့် ကို ကို အခြေခံတွေ ကျွမ်း ကျင် ပြီ ဆိုရင်တော့ toturial တွေ နဲ့ ကိုယ် အရည်အချင်း ကိုယ် စမ်းသပ်ကြည့်နိုင်ပါတယ်....

ဘာတွေ လိုအပ်လည်း ဆိုရင်တော့ လေ့လာကြိုးစားမှု နှင့် အချိန်ပေးဆပ်နိုင်မှုပါပဲ
ကြိုးစားရင်တော့ သင်တန်း ဆိုတာနဲ့ပိုက် ဆံ ဆို တာ က ကိုယ့်ရဲ့ နောက် ကို ရောက် သွားပါလိမ့်မယ်

ဒီလောက် ဆို တော် ပြီ
ကိုဇေ တော့ ဘာတွေ မဟုတ်တာ ရေးနေလဲလို့ ပြောတော့ မယ်... ;P

သင်တန်း ကို ပိုက် ပိုက် လှုခြင်းမှ ကင်ဝေးကြပါစေ Smile Smile Smile

sHa92

sHa92
Founder



Founder
အခုလို ၀င်ဆွေးနွေးပေးတဲ့ ကိုဇေ ကိုကျေးဇူးတင်ပါတယ်။

အစ်ကိုပြောသွားတဲ့ အချက်လေးတွေက မှန်ပါတယ်။

တကယ်တော့ သင်တန်းဆိုတာ မတက်သင့်ဘူးလို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် အရမ်းကာရော စွတ်ပြီး မတက်သင့်ဘူးဗျ။
သင်တန်းဆိုတာ ကိုယ်လိုချင်တဲ့ လမ်းကြောင်းတစ်ခုခုပေါ်ရောက်အောင် တွန်းတင်ပေးမယ့် နေရာတစ်နေရာပါဘဲ။
အဲဒီ့လိုင်းပေါ်ရောက်ပြီဆိုတာနဲ့ ကိုယ်ရဲ့ လေ့လာမှုကြိုးစားမှုက အများကြီးလိုလာပါပြီ။
တကယ်တော့ Programming သင်ချင်တယ်ဆိုရင် တက္ကသိုလ်တက်တဲ့သူဆို ရင်တော့ ကျောင်းက သင်တာတွေကို အရင်ဆုံး အခြေခံရအောင်ယူ ၊ ပြီးရင် လက်တွေ့လုပ်ကြည့်။ အခက်အခဲတွေဖြစ်လာရင် ဖိုရမ်တွေကို ၀င် ၊ များများမေး ၊ သူများမေးထားတာရှိရင်လည်း ကိုယ်သိထားတာဆို ပြန်ဖြေပေးလိုက်။ အဲဒါဆိုရင် ကိုယ်လည်း တကယ်တတ်ကျွမ်းတဲ့သူဖြစ်လာမှာပါ။
တကယ်တော့ တက္ကသိုလ်တက်နေတဲ့သူတွေအတွက်ဆို သင်တန်းဆိုတာ လိုကိုမလိုတာပါ။ Smile

အဲလို ကွန်ပြူတာပညာရပ်ပိုင်းဆိုင်ရာ ကျောင်းတွေမတက်ဘဲ ရိုးရိုး အဝေးသင်လောက် တတ်တဲ့သူတွေအတွက်ဆိုရင်လည်း ကိုယ်တိုင်က လေ့လာသင်ယူနိုင်မှုအားကောင်းတဲ့သူ ၊ ကြိုးစားတဲ့သူဆိုရင် Internet သုံးတတ်ရုံနဲ့တင် လိုချင်တဲ့ ပညာ ကို ရနိုင်ပါတယ်။
ဒါမှမဟုတ်ဘူး သူများသင်ပေးမှ လမ်းစရနိုင်မယ့်သူမျိုးဆိုရင်တော့ အရင်ဆုံး Basic သင်တန်းတစ်ခုခုတက် ၊ အဲဒီ့ ကိုယ်လုပ်ချင်တာနဲ့ ပတ်သက်ပြီး အနည်းငယ် သိလာပြီ ။ ဘာဆက်လုပ်ရမယ်ဆိုတာလည်း သိနေပြီဆိုရင်တော့ Online ပေါ်သာလာခဲ့ပေတော့ ၊ ဖိုရမ်တွေရှိပါတယ်။ အခုချိန်မှာဆိုရင် မြန်မာဖိုရမ်တွေလည်း တော်တော်လေးများနေပြီဖြစ်ပါတယ်။ ကြိုက်တဲ့နေရာမှာမေးကြပါ။ ဖြေပေးပါလိမ့်မယ်။

အဲလိုမှမဟုတ်ဘဲ ၊ သင်တန်းတစ်ခါဖွင့် တစ်ခါလိုက်တတ်နေရင်တော့...... မိဘရှာထားတာသာ ကုန်သွားမယ် ဘာမှတတ်လာမှာမဟုတ်လို့ ထင်မြင်မိပါကြောင်းပြောရင်းနဲ့ ဒီနေ့တော့ အချိန်မရှိလို့ ခေတ္တရပ်ပါရစေ။

စာကြွင်း ။ ။ ကိုဇေ ရေ ကျနော်က ဘာမှ ဆရာမကျပါဘူး။ ဖိုရမ်ကိုလည်း တတ်လွန်းလို့လုပ်ထားတာမဟုတ်ဘူး။ ဆရာကျတဲ့သူတွေ လာဆွေးနွေးကြတာလေးတွေ ကြည့်ရင်း တခြားသူတွေလည်း ပညာရစေချင်လို့ လုပ်ထားတာပါ။ မြန်မာလူမျိုးထဲမှာလဲ တော်တဲ့သူတွေ အများကြီးဗျို့။ တစ်ရက် အွန်လိုင်းဝင်လေ ၊ တစ်ခါတွေ့လေပါဘဲဗျာ။ တကယ်ကို တော်ကြပါပေတယ်။

http://www.myanmaritresource.info

babyit

babyit
MITR New User



ကျွန်တော်ကတော့ အထူးသဖြင့် Hardware ပိုင်းကို ပိုပြီးအားသန်ပါတယ်။ ၀ါသနာကြောင့်လည်းထင်ပါတယ်။ ကိုယ်တိုင်လည်း Service ဆိုင်မှာ အလုပ်လုပ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်အပါအ၀င် Service ဆိုင်တော်တော်များများမှာရှိတဲ့ Hardware Service ၀န်ဆောင်မှုတွေကိုကြည့်မယ်ဆိုရင် ပျက်တဲ့ပစ္စည်းကို ဖြုတ်ပြီး အခြားအသစ်တစ်ခုနဲ့ လဲလှယ်ပေးတာပါပဲ။
Customer က သူ့စက်ပုံးကြီးကိုဖြုတ်ပြီး ဆိုင်ကိုမလာတယ်၊ `ကျွန်တော့် စက်က ညကတောင်အလုပ်လုပ်နေသေးတယ်၊ အခု မနက်ကျတော့ ဖွင့်လိုက်တာဘာမှ တက်မလာတော့ဘူး´ ...
အစရှိသဖြင့် ပြောတယ်ဆိုပါတော့ဗျာ...။ အဲဒီတော့ service man က အဆင့်ဆင့် စမ်းသပ်တယ်။ သေသေချာချာကို စမ်းသပ်တယ်။ နောက်ဆုံးတော့ သူအဖြေရသွားတယ်။
`မိတ်ဆွေ စက်က motherboard ပျက်တာ´ ပေါ့ .... ။ တကယ်လည်း motherboard ပျက်ပါတယ်။ သေသေချာချာကိုပျက်ပါတယ်ပဲ ဆိုပါတော့....။
အခုလို အခြေအနေမှာဆို တော်တန်ရုံ service man တွေက motherboard ကို တစ်ခါတည်းပဲ ဖြုတ်လဲပေးပြီး လိုအပ်တာတွေကိုဆက်လုပ်သွားမှာပါ။
အဲ ... နည်းနည်းစိတ်ရှည်တဲ့ service man ဆိုရင်တော့ motherboard analyzer card တွေနဲ့ စမ်းပြီး motherboard ပေါ်က ဘယ်အပိုင်းကနေ ဘယ်အပိုင်းကို ကူးတဲ့နေရာမှာ Error ပြတယ်၊
အဲဒီ Error ဟာ ဘာကြောင့်ဖြစ်နိုင်တယ်။ ပြီးတော့ motherboard ပေါ်က Capacitor လေးတွေကို မီတာလေးတွေနဲ့ ထောက်ပြီး ဖြုတ်လဲချင်လဲလိမ့်ဦးမယ် ....။
အဲဒီလိုနဲ့ အဆင်ပြေသွားရင်တော့ Customer အတွက် ၀မ်းသာစရာပါပဲ။ ပြင်ရတဲ့ သူအတွက်ကတော့ ကြိုးစားရတာ ကျေနပ်စရာပါပဲဗျာ။
အဲဒီလိုမဟုတ်ရင်တော့ ...... ဟူး......။ Motherboard အသစ်တစ်ခုသာ အစားထိုးတပ်လိုက်ရတာပါပဲဗျာ.....။
ပြောရင်တော့ဗျာ ကျွန်တော်တို့ စက်ပြင်တယ်ဆိုတာကြီးက ဘယ်အပိုင်းက ပျက်တာလည်းကိုသိအောင်လုပ်၊ သိရင် (ပျက်တဲ့ အစိတ်အပိုင်းပါဝင်တဲ့ အကန့်တစ်ခုလုံး) အသစ်တစ်ခု အစားထိုး၊ အားလုံးကောင်းသွားရော....(ပညာရှင်များကို စော်ကားခြင်းမဟုတ်ပါ) ။ သိပ်လွယ်လွန်းနေပါတယ်။
ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတောင်မှ အဲဒီလို motherboard တွေနဲ့ အခြားစပ်ဆက်ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့က ပစ္စည်းလေးအစားထိုးပြီးလဲလှည် နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကို ကျေနပ်နေကြပါတယ်။
စောစောကပြောခဲ့သလို motherboard ပျက်ရင် Boardတစ်ခုလုံး လဲစရာမလိုပဲကောင်းအောင်ပြင်နိုင်တဲ့ နည်းပညာတွေရှိပါတယ်။ အရှင်းဆုံးပြောရရင် motherboard ပေါ်က Controller Chip တွေကိုတောင်မှ ကိုယ်တိုင်ဖြုတ်ပြီး လဲနိုင်ပါတယ်။ ကျွန်တော်တို့တစ်တွေ နည်းပညာနဲ့ ပတ်သတ်ပြီး အခြားနိုင်ငံတွေကို အားငယ်စရာလုံးဝမလိုပါဘူး။
ကျွန်တော်တို့ဘက်ကသာ အချင်းချင်းနည်းပညာသာမက၊ ငွေအား၊ လူအားများပါ တက်စွမ်းသမျှ လက်ဆင့်ကမ်း မျှဝေနေရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ...။
အောက်ကဆိုဒ်လေးကတော့ ကျွန်တော်ပြောခဲ့တဲ့နည်းပညာတွေကိုသင်ကြားပေးတဲ့ e-learning ဆိုဒ်လေးဖြစ်ပါတယ်။ laptop တွေကို micro-controller chip တွေ
ကအစ ဖြုတ်တပ်ပြင်ဆင်ပုံတွေတောင်မှ အဲဒီဆိုဒ်မှာ သင်ယူနိုင်ပါတယ်။ ကျွန်တော်တော်တော်ပျော်သွားတယ်ဗျာ။ ကျွန်တော်တို့လိုချင်တဲ့ ပညာရပ်အစစ်တွေ ရပြီပေါ့....။
ဒါပေမယ့်ဗျာ ... အရမ်းဝမ်းနည်းစရာကောင်းတာက အဲဒီဆိုဒ်က Course တွေရဲ့ ကုန်ကျစရိတ်ပါပဲ။ ပိုက်ဆံရှိရင်တောင်မှပဲ ကျွန်တော်(တို့) အနေနဲ့ သင်ကြားမှုမလုပ်နိုင်နိုင်တဲ့ pay service တွေဖြစ်နေပါတယ်ဗျာ။
ရေမြေခြားက သူငယ်ချင်းများ အဲဒီဆိုဒ်လေးကို ရောက်အောင်သွားပါ။ Student form ဖြည့်ပြီး ကျောင်းအပ်ပါ။ ပြီးတော့ ကျွန်တော်တို့လို ငေးကြည့်နေရတဲ့ သူငယ်ချင်းတွေအတွက် ပညာတွေလက်ဆင့်ကမ်းပေးကြပါဗျာ။
အဲဒီဆိုဒ်မှာ Course တွေအကုန်လုံးကို *.PDF ဖိုင်အနေနဲ့လည်း Download လုပ်နိုင်တယ်။
အဲဒီ *.PDF ဖိုင်လေးရခဲ့ရင်လေ.... ကျွန်တော်တို့ကို ပြန်လည်ပြီးမျှဝေပေးကြပါဗျာ... ... ...။

ဆိုဒ်လေးကတော့ ...
Code:
http://www.laptoprepairtrainingcollege.com

Naythuerin

Naythuerin
MITR New User



ဒီ Post လေးကို ကျနော Myanmar-network ထဲမှာ ကို ညအလင်္ကာနဲ့ တစ်ခါ ဆွေးနွေးဖူးပါတယ် ။
အကိုပြောသလိုပဲ ကျနောတို့ ဆီမှာ ပိုက်ဆံ ရှိမှ စာသင်နိုင်တော့မှာလား ဆိုတဲ့ အခြေအနေ တစ်ရပ်ကို တော်တော်များများ ရင်ဆိုင်နေရတယ်ဗျ ။ Certificate တစ်ခုကို သိန်းချီ ပေးဝယ်နေရတဲ့ အခြေအနေမျိုး ဗျ။ အခု ဒီ Post ကို စရေးတဲ့ Founder ရဲ့ သူငယ်ချင်းးလို ပဲ ကျနောလည်း SE တတ်မလို့ သင်တန်း ကြေး လာစုံစမ်းဖူးတယ် ။ သင်တန်းက တော့ 1 နှစ်ဗျ ။ Fees ကတော့ မနည်းဘူး $800 တဲ့ ။ Certificate ကတော့ မလေးရှားးပ ပေးမှာ လို့တော့ ပြောတာပဲ ။ ကျနော် လည်း တတ်မလို့ပဲ ဒါပေမယ့် ကျနော့ အမေတွေနဲ့ ပြန်တိုင်ပင်ရသေးတယ်ပေါ့ဗျာ ။ $800 ဆိုတဲ့ အားက မနည်းဘူးဗျ။ ပြီးတော့ ကျတော်တို့ လို ရန်ကုန် Local က မဟုတ်တဲ့ နယ်က သူတွေ အတွက်တော့ အခက်အခဲ ရှိတာပေါ့ဗျာ ။ ဒါနဲ့ ကျနော လည်း SE သင်တန်းကို မတတ်ဖြစ်သေးဘူးဗျ။ ကျနောတင်မဟုတ်ဘူး IT ကို လေ့လာချင်တဲ့ ပြီးတော့ ပိုက်ဆံ သိပ်မကုန်ပဲ နဲ့ ကိုဝါသနာပါတဲ့ IT ပညာရပ်တွေကို လေ့လာချင်တဲ့လူငယ်တွေ ကျနောတို့ နိုင်ငံမှာ အများကြီးပဲ ရှိမယ်ထင်ပီး ဒီ စကားဝိုင်းလေးမှာ ပါဝင်ဆွေးနွေးတာပါ ။ (ကျေးဇူးတင်ပါတယ်ခင်ဗျ)

လင်းထက်

လင်းထက်
MITR Reader



MITR Reader
တစ်ခါတစ်လေကျတော့ ကိုယ့်ဆီမှာ အခွင့်အရေးမရှိဘူး၊ နည်းတယ်ဆိုတာမှန်ပေမယ့် အဲ့ဒါကိုပဲထိုင်အော်နေလို့မပြီး သေးပါဘူး။ တစ်ခါတုန်းက စဉ်းစားဘူးတာရှိတယ်။ အင်တာနက်ဆိုင်တစ်ခုက လခ ငါးသောင်းနဲ့ ကမ်းလှမ်းဖူးလာတာရှိ
တယ်။ ကျွန်တော်စဉ်းစားတယ်။ အဲ့မှာဝင်လုပ်ရင် အတွေ့အကြုံရမယ်။ ရှစ်လကိုးလကြာမယ်။ အဲ့ပညာကို အပြင်မှာ သင်ရင်70000 ဝင်းကျင်ရှိ
မယ်ပေါ့။ ဒါဆိုနှစ်လလောက် ပဲအချိန်ကုန်မယ်။ အဲ့တော့ ခုဟာက ပိုက်ဆံရှိရင် ပညာင်မရတော့ဘူးဆိုတာမဟုတ်ပါဘူး။
ပိုက်ဆံရှိလား? ဒါဆိုရင်အချိန်သက်သာမယ်။ ပိုက်ဆံမရှိရင် အောက်ခြေကဝင်။ အဲ့မှာ
လိုနေတာတစ်ခုက အောက်ခြေကဝင်ဖို့ သတ္တိရှိဖို့ပဲ။ လူငယ်တော်တော်များများက အဲ့သတ္တိမရှိတာတွေ့ရတယ်။
နောက်ပြီး အဲ့ပညာကိုသင်မှာဘာလုပ်ဖို့လဲ။ အဲ့ဟာကလဲ အရေးကြီးတယ်။ ဝါသနာရော အသက်မွေးဝမ်းကျောင်းဖို့ရောနဲ့ ကိုက်ညီလား၊
ူဒါမှမဟုတ် ဝါသနာပဲလား။ လူများယောင်လို့လိုက်ယောင်တာလား၊ များသေားအားဖြင့်က သူများယောင်လို့ လိုက်ယောင်နေကြတာများတယ်။
ဘ၀မှာ အချိန်သိပ်မရှိဘူး။ သင်တန်းတွေလဲတက် လက်မှတ်တွေလဲအများကြီးရ အချိန်တွေလဲကုန် ပြီးတော့မှာ လုပ်ငန်းခွင်မှာ တကယ်ဝင်နေ
တဲံ့လူနဲ့ ယှဉ်တော့ အဲ့လောက် ကျွမ်းကျင်မှုကမူကမရှိ။ အဲ့လိုမျိုးသူငယ်ချင်း တွေလဲရှိတယ်။ ပြီးတော့ သင်တန်းတက်လိုက်တယ်ပေါ့။ ပြီးတော့
advence ဆက်မတတ်နိုင်ဘူးဆိုပါဆို့။ self-study လုပ်ပေါ့။ အဲ့လို မျိုးကိုယ်တိုင်လေ့လာဖို့ရော တစ်ကယ် ကြိုးစားဖူးလား။ sulf-study တစ်ကယ်
ုလုပ်ရင် သင်တန်းတက်တာထက် အများကြီး အကျိုးရှိပါတယ်။ တစ်ကယ်လဲတက်တယ်။ နားမလည်တာဆို သိတဲ့လူရှာမေး။ ကိုယ်တစ်ကယ်
တတ်မြောက်ချင်ရင် အဲ့လိုမျိုး လဲ အပင်ပန်းခံနိုင်ရမယ်။ အလုပ်ဝင်လုပ် အောက်ခြေကနေတစ်ဆင့်ချင်တက် အဲ့လိုကြီးလဲပြောနေတာမဟုတ်ဘူး
ကိုယ့်စူးစမ်းမှု ကလဲရှိသေးတယ်။ ရန်ကုန်မှာဆို ပညာဒါနကျောင်းတွေပေါ ပါတယ်။ ရန်ကုန်နေတဲ့သူဆိုရင် ပိုတောင်အဆင်ပြေသေးတယ်။
ပြီးရင် ပညာသင်ဆုတွေလဲရှိသေးတယ်။ အွန်လိုင်းတက်ပြီး ချက်တင်ပဲထိုင်နေရင် စာဖတ်ဖို့ပျင်းနေရင်တော့ ဒီတိုင်းပဲသွားနေမှာပဲ။
ကိုယ့်ဘာသာ english ကို self-study လုပ်နေပြီး အွန်လိုင်းကနေပညာသင်ဆုရှာပြီးတော့ ယိုးဒယားမှာ ပညာသင်ဆုနဲ့ကျောင်းသွားတက်နေ
တဲ့လူတွေအများကြီးရှိပါတယ်။ အဲ့လိုမျိုးလဲ ကိုယ်ကရှာတတ်ရပါတယ်။ ကျွန်တော်ကတော့ ကိုယ်တတ်မြောက်ချင်တဲ့ ပညာတစ်ခုကို သင်ဖို့
ပိုက်ဆံထက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ တတ်မြောက်ချင်စိတ်ကပဲ အဓိက ကျတယ်လို့ပြောချင်ပါတယ်။ ပိုက်ဆံက25% ကြိုးစားမှုက75%ပေါ့။

မင်းရဲနောင်

မင်းရဲနောင်
MITR New User



အကိုတို့ပြောတဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားလို့ရေးလိုက်တာပါ
ပိုက်ဆံရှိမှဘဲ စာသင်နိုင်တော့မှာလားဆိုတာလေးပါ အခုဆိုရင်လူငယ်တော်တော်များများ
အကောင်ထည်စဖော်နေပါပြီ ပိုက်ဆံရှိစရာမလိုပါ တကယ်သင်မယ်ဆိုရင် ပညာတော်တော်များများ
ကိုသင်ကြားပေးနေတဲ့စေတနာ့ဝန်ထမ်းတွေလည်းပေါ်ပေါက်လာပါပြီ
ကျွန်တော်ဆိုရင် သင်ပေးမဲ့သူနဲ့မကြုံကြိုက်မိလို့ အင်တာနက်ကမိတ်ဆွေတွေရဲ့နည်းပညာတွေ
နည်းပညာစာရေးဆရာတွေရဲ့စာအုပ်တွေဘဲ လေ့လာခဲ့တာပါ။အခုဆိုရင်နည်ပညာပညာဒါနကျောင်းတွေ
ထွက်ပေါ်လာပါပြီ ကျွန်တော်တို့ညီအကိုမောင်နှမတွေစုပေါင်းပြီးတော့လည်း
မိမိအိပ်ကပ်ကပိုက်ဆံကိုဆိုက်ပြီး အခမဲ့သင်တန်းတွေလည်းပေးနေပါတယ်
အခြေခံနည်းပညာများကိုလေ့လာနေသောညီအကိုမောင်နှမများအတွက်
တကယ်လေ့လာချင်တယ်ဆိုပါက ပညာဒါနသင်ကြားပေးနေပါတယ်
စိတ်ပါသောညီအကိုမောင်နှများလေ့လာမည်ဆိုပါက ဒီနေရာလေး
မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်http://u4mm.com


[Only admins are allowed to see this link]

http://www.minyenaung.ning.com

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forumotion's free forums | ©phpBB | Free forum support | Report an abuse | Forumotion.com