Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ဒူဘိုင်းမြို့တွင် လက်ရှိတည်ဆောက်နေသော အာရပ်ကမ္ဘာ၏ ပထမဆုံး မောင်းသူမဲ့ မြေအောက်ရထားလမ်း စီမံကိန်းကြီး ပြီးစီးသွားပါက ခရီးသည်များအနေဖြင့် လုံခြံစိတ်ချ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ စီးနင်းနိုင်မည်ဖြစ်ပြီး စိုးစဉ်းမျှ စိုးရိမ်စရာ မရှိပါကြောင်း ဆွေးနွေးဖော်ပြချက်တစ်ခုကို အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်ရှုလိုက်ရသည်။ ထိုမောင်းသူမဲ့ မီထရို၏ ပထမအဆင့်လမ်းပိုင်းကို လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ပြေးဆွဲမှာ ဖြစ်ကြောင်း အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Gulf News မှ အဆိုပါသတင်းအား ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဒူဘိုင်းမြို့ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (RTA)၏ ရထားပြေးဆွဲမှုဌာနမှ ဒါရိုက်တာဖြစ်သူ Ramadon Abdullah Mohammad က “ခရီးသည်တွေ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ လုံခြုံမှု စံနှုန်းများနဲ့အညီ ကျွန်တော်တို့ လေ့လာစမ်းသပ်ပြီးတော့ သက်သေပြနိုင်ခဲ့ပြီးပါပြီ” ဟု ပြောကြားသွားသည်။ RTA မှ ဒါဟန်း (ယူအေအီးနိုင်ငံသုံး ငွေကြေး) ၁၅.၅ ဘီလီယံကို ၇၄.၆ ကီလိုမီတာ အရှည်ရှိမည့် မောင်းသူမဲ့ မီထရိုစီမံကိန်းအတွက် အသုံးပြုသွားမည်ဖြစ်ပြီး ၎င်းမီထရိုစီမံကိန်းတွင် အဓိက လိုင်း(၂)လိုင်း (အနီရောင်နဲ့ အစိမ်းရောင်) ပါဝင်မည်ဟု သိရသည်။

Gulf News သတင်းစာမှ မေးမြန်းခဲ့သော အင်တာဗျူးတွင် မောင်းသူမဲ့ မီထရို၏ လုံခြုံ စိတ်ချရမှုအပိုင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Mohammad မှ ပြည့်စုံစွာ ရှင်းလင်းပြောကြားသွားခဲ့သည်။ လူအများ၏ စိုးရိမ်ကြောင့်ကြမှုများဖြစ်သည့် ရထားစီးနင်းစဉ် roller coaster စီးရသကဲ့သို့ ခံစားရမည်ကို စိုးရွံ့ခြင်း၊ လမ်းချော်ခြင်း၊ ဥမင်တည်ရှိရာ နေရာများနှင့် ဘူတာများ၏ လုံခြုံစိတ်ချရမှုတို့နှင့် ပတ်သက်သည့် လူအများ၏ စိုးရိမ်ကြောင့်ကြမှု၊ မီထရိုစနစ်နှင့် ခရီးသည်များ၏ လုံခြုံစိတ်ချရမှု လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း အဓိကထား ပြောကြားသွားသည်ကို တွေ့ရသည်။ Ramadon Abdullah Mohammad နှင့် Gulf News သတင်းစာတို့ တွေ့ဆုံမေးမြန်းခဲ့ကြသည်များကို လေ့လာသူများ အကျိုးအလို့ငှာ ဘာသာပြန်ဆို ဖော်ပြလိုက်ရပါသည်။

Gulf News: ဒူဘိုင်းမြို့ရဲ့ မီထရိုမှာ စီးနင်းလိုက်ပါသူ ခရီးသည်များအတွက် ဘယ်လိုမျိုး ဘေးကင်းလုံခြုံမှုတွေ စီစဉ်ထားပါသလဲ...။

Mohammad: ခရီးသည်တွေနဲ့ မီထရိုစနစ်တခုလုံးရဲ့ ဘေးကင်းလုံခြုံမှုဟာ RTA ရဲ့ ထိပ်တန်း ဦးစားပေးကိစ္စတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာ လေ့လာစမ်းသပ် အောင်မြင်ပြီးလို့ အသုံးပြုနေတဲ့ Automatic Train Protection (ATP) စနစ်ကို အသုံးပြုပြီး ရထားပြေးဆွဲမှုကို ကာကွယ်ထားပါတယ်။ တကယ်လို့ ရထားတစ်စီးစီးဟာ လမ်းမှာ ပျက်လို့ ရပ်တန့်နေခဲ့ရင် ထိုရထားရဲ့ အနောက်မှ ရထားအားလုံးကို အလိုအလျောက် ရပ်တန့်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရထားချင်းချင်း ရှေ့ရထားကို နောက်ရထားမှ ဝင်ရောက်တိုက်မိခြင်းမျိုး မဖြစ်နိုင်ပါဘူး။ ATP စနစ်မှ ကျွန်တော်တို့ကို ရထားများရဲ့ ရွေ့လျားမှု၊ တည်နေရာကို ပြောပြနေမှာဖြစ်ပြီး တကယ်လို့ ပြဿနာတစုံတရာ ဖြစ်ပွားခဲ့ရင် ၎င်းစနစ်မှ ရထားကို အလိုလျောက် ချက်ချင်းရပ်တန့်စေမှာဖြစ်ပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ဟာ control room ထဲကနေပြီး ရထားအားလုံးရဲ့ တည်နေရာကို သိရှိနေနိုင်ပါတယ်။

Gulf News: လူအများစုက ဒီမောင်းသူမဲ့ ရထားများကို စီးနင်းရမှာကို အနည်းငယ် စိုးရွံ့ နေကြပါတယ်။ မောင်းသူမဲ့ ရထားများရဲ့ အလုပ်လုပ်ပုံကို အနည်းငယ် ရှင်းပြစေလိုပါတယ်...။

Mohammad: ဒါကအရမ်းကို ရိုးစင်းပါတယ်။ ရထားတွေကို central control room ကနေပြီး computer များနဲ့ ထိန်းချုပ်မောင်းနှင်တာ ဖြစ်ပါတယ်။ ကွန်ပြူတာများမှာလည်း extra protection အတွက် ကောင်းမွန်တဲ့ software backup စနစ်များရှိပါတယ်။ အကယ်၍ ရထားမှာ ပြဿနာတစုံတရာ ဖြစ်ပွားပြီး control room မှ ထိန်းချုပ်မောင်းနှင်မရခဲ့ရင်တောင် ရထားထဲမှာပါတဲ့ ရထားအမှုထမ်းမှ ရထားကို အနီးဆုံးဘူတာသို့ manually ထိန်းသိမ်း မောင်းနှင်သွားနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည်များကို ကူညီဖို့နဲ့ ဘေးကင်းလုံခြုံမှုစနစ်ကို ပိုမိုသေချာစေဖို့အတွက် ရထားတိုင်းမှာ အနည်းဆုံး ရထားဝန်ထမ်းတစ်ယောက် ပါရှိမှာ ဖြစ်ပါတယ်။

Gulf News: ရထားများနဲ့ ဘူတာများကို ဘယ်လိုစောင့်ကြည့်မှတ်သား စစ်ဆေးမှာပါလဲ…။

Mohammad: ရထားများ၊ ဘူတာများနဲ့ မီထရိုလိုင်းများကို စောင့်ကြည့်မှတ်သား စစ်ဆေးဖို့ စနစ်တစ်ခု ရှိပါတယ်။ ရထားများရဲ့ ပတ်ပတ်လည်နဲ့ ဘူတာများ၊ ဥမင်အတွင်းမှာ ကင်မရာများကို တပ်ဆင်ထားပါတယ်။ အပူတိုင်းကိရိယာများနှင့် မီးသတိပေး အချက်ပြစနစ်များကိုလည်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ ဘူတာ (သို့မဟုတ်) လမ်းပိုင်းတနေရာရာမှာ ပြဿနာတစုံတရာရှိခဲ့ရင် ရထားများကို အလိုလျောက် ရပ်တန့်စေမှာဖြစ်ပါတယ်။

Gulf News: ရထားများ လမ်းချော်သွားစေနိုင်တဲ့ အခြေအနေများရော ရှိပါသလား...။

Mohammad: လမ်းချော်သွားစေနိုင်တဲ့ အခွင့်အလမ်းကတော့ အရမ်းကို နည်းပါးပါတယ်။ အင်မတန် ဖြစ်တောင့်ဖြစ်ခဲပါ။ မီထရို ပြေးဆွဲမှုကို တရားဝင် စတင်မလည်ပတ်ခင် ဇူလိုင်လကစပြီး စတင်ဖွင့်လှစ်တဲ့နေ့အထိ ကျွန်တော်တို့ရဲ့ဘေးကင်းလုံခြုံမှု စီမံချက်အနေနဲ့ စနစ်ကြီးတစ်ခုလုံးကို အပြည့်အဝ လည်ပတ်မောင်းနှင် စစ်ဆေးကြည့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ မနက်ခင်းတိုင်းမှာ ရထားလမ်းတွေရဲ့ လုံခြုံစိတ်ချမှု အပြည့်အဝရှိတယ်ဆိုတာကို ပိုမိုသေချာစေဖို့အတွက် sweeping train လို့ခေါ်တဲ့ ရထားအလွတ်တစ်စီးနဲ့ လမ်းကြောင်းတလျှောက် မောင်းနှင်စစ်ဆေးမှာဖြစ်ပါတယ်။

Gulf News: အရေးပေါ် အခြေအနေတွေမှာ မိုးပျံလမ်းပိုင်း (elevated tracks) များနဲ့ ဥမင်အတွင်းမှ လူများကို ဘေးကင်းရာကို ရှင်းလင်းဖယ်ထုတ်မယ့် evacuation plan အကြောင်းကိုလဲ သိချင်ပါတယ်...။

Mohammad: ဒူဘိုင်းမီထရိုမှာ ပြီးပြည့်စုံတဲ့ evacuation plan တစ်ခုကို ထည့်သွင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမဦးစားပေး သတ်မှတ်ချက်အနေနဲ့က ရထားကို manually မောင်းနှင်ပြီး အနီးဆုံး station ကို ပို့ဆောင်မှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီအစီအစဉ် မဖြစ်နိုင်ခဲ့ရင်လည်း ခရီးသည်များကို ရထားလမ်း(track) များပေါ်ကို ဆင်းသက်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။ ရထားလမ်းတွေအပေါ်မှာ ခရီးသည်များ လမ်းလျှောက်ပြီး အနီးဆုံး evacuation point ကို အရောက်သွားနိုင်စေဖို့အတွက် walkway များထားရှိပါတယ်။ evacuation point တွေကို နိုင်ငံတကာ သတ်မှတ်စံနှုန်းများအရ အကွာအဝေး ၇၀၀ မီတာတိုင်းမှာ ထားရှိပေးထားပါတယ်။ တကယ်လို့ ခရီးသည်များဟာ မိုးပျံတံတား (elevated tracks) များပေါ်မှာ ရောက်ရှိနေခဲ့ရင်လည်း အောက်ကို အလွယ်တကူ ဆင်းသက်နိုင်စေဖို့ လှေခါးများကို တပ်ဆင်ပေးထားပါတယ်။ ဥမင်များမှာလည်း ventilation funs များအသုံးပြုပြီး gas များကို ဖယ်ထုတ်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။

ရထားမှာရှိတဲ့ ၀န်ထမ်းများ အားလုံးကိုလည်း ဆိုးရွားတဲ့ မတော်တဆဖြစ်ရပ်တွေမှာ ရဲများနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီများ မရောက်ရှိလာနိုင်သေးခင်မှာ ရှေးဦးသူနာပြု (first aid) အနေနဲ့ ကူညီနိုင်စေဖို့အတွက် first response team အဖြစ် ကြိုတင်လေ့ကျင့်ပေးထားမှာ ဖြစ်ပါတယ်။

Gulf News: Shaikh Zayed လမ်းမကြီးတစ်လျှောက်မှာ ပုံမှန်အားဖြင့် အနိမ့်မြင့်မတူညီတဲ့ မိုးပျံတံတားလမ်း (elevated track) တွေကို မြင်တွေ့ရတဲ့အတွက် လူအများစုက ယုံကြည်နေသလို ဒူဘိုင်းမီထရိုမှာ roller coaster စီးနင်းရသလို ခံစားမှုမျိုးဖြစ်စေမလား…။

Mohammad: (ရယ်လျက်) မဟုတ်ပါဘူး။ ဒါဟာနားလည်မှုလွဲနေကြတာပါ။ ဥမင်တွေထဲမှာတောင် သံလမ်း(track) တွေကို မှန်ကန်တဲ့ နည်းလမ်းတွေ ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားကြတာပါ။ ဒါပေမယ့် စီးနင်းလိုက်ပါသူများအနေနဲ့ မတွေ့မြင်နိုင်ပါဘူး။ ဒါ့အပြင် ခရီးသည်များဟာလည်း အဲဒီလို အနိမ့်အမြင့် မညီညာစွာ မောင်းနှင်နေတာကိုလဲ မခံစားရပါဘူး။ ရထားရဲ့ အရှိန်ဟာလည်း ပုံမှန်အရှိန်နဲ့ပဲ မောင်းနှင်နေမှာဖြစ်ပါတယ်။

Gulf News: ရထားတွေအတွက် နေ့စဉ်အလုပ်လုပ်တဲ့ operational hour နဲ့ ဘယ်လောက်မြန်မြန် မောင်းနှင်နိုင်တယ်ဆိုတာကိုလည်း သိချင်ပါတယ်။

Mohammad: ရထားတွေဟာ လိုင်းပေါ်မှာ မနက် ၅ နာရီကနေ ည ၂ နာရီအထိ ရှိနေမှာဖြစ်ပေမယ့် တကယ်တမ်းမှာ နံနက် ၆ နာရီကနေ ည ၁၂ နာရီထိပဲ ပြေးဆွဲမှာဖြစ်ပါတယ်။ ရထားတစ်စီးဟာ တစ်နာရီကို ၁၁၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပေမယ့် ဘူတာ အရေအတွက် များတဲ့အတွက် ပျမ်းမျှအရှိန်ကတော့ တစ်နာရီကို ၄၀ ကီလိုမီတာကနေ ၄၅ ကီလိုမီတာနှုန်းလောက်ထိပဲ မောင်းနှင်မှာဖြစ်ပါတယ်။ ညပိုင်းမှာ ရထားပြေးဆွဲမှု လုပ်ငန်းစဉ်များ ပြီးဆုံးတဲ့အခါမှာ ရထားများဟာ Rashidiya၊ Al Qusais နှင့် Jebel Ali Industrial area တို့မှာရှိတဲ့ depots သုံးခုမှာ ရပ်နားပြီး maintenance လုပ်ငန်းများကို လုပ်ဆောင်မှာဖြစ်ပါတယ်။

Gulf News: မီထရို ဘူတာရုံတွေမှာ pedestrian crossing လို့ခေါ်တဲ့ ခြေကျင်လမ်းဖြတ်ကူးရန် နေရာများကိုရော ဘယ်လိုထားရှိမှာပါလဲ…။

Mohammad: Pedestrians crossing များကို ၂၄ နာရီဖွင့်ထားမှာ ဖြစ်ပါတယ်။ ဘူတာရုံများပိတ်ပြီး ရထားတွေသွားလာမှုတွေ ရပ်တန့်ထားတဲ့ ညပိုင်းမှာတောင် pedestrians crossing ကိုဖွင့်ထားမှာဖြစ်ပါတယ်။ ထို crossing များကို ပလက်ဖောင်းတွေမှာ သီးခြားတည်ဆောက်ထားပြီး လူတိုင်း အသုံးပြုနိုင်အောင် ဒီဇိုင်း လုပ်ထားပါတယ်။

Gulf News: ဘူတာတခုကို ဆိုက်ရောက်လာမယ့် ရထားတစ်စင်းနဲ့ တစ်စင်းကြားက အချိန်အပိုင်းအခြားကိုရော ဘယ်လောက်ထားရှိပါသလဲ…။

Mohammad: Peak hours (မနက်ခင်း၊ နေ့လည်ခင်းနဲ့ ညနေခင်း) တွေမှာ ဘူတာတစ်ခုကို ဆိုက်ရောက်လာမယ့် ရထားနှစ်စင်းကြား အချိန်အပိုင်းအခြားဟာ ၃ မိနစ်နဲ့ ၄ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ခရီးသည် အသွားအလာ နည်းချိန်တွေမှာတော့ ရထားနှစ်စင်းကြား ကြာမြင့်ချိန်ဟာ ၅ မိနစ်ကနေ ၆ မိနစ်ထိ မြင့်တက်သွားမှာဖြစ်ပြီး လူအသွားအလာ အင်မတန်နည်းပါးတဲ့ အချိန်တွေမှာဆိုရင်တော့ ၁၅ မိနစ်လောက်ထိ ကြာမြင့်နိုင်ပါတယ်။

Gulf News: ဘူတာနှစ်ခုကြားက link ပျက်စီးသွားခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်…။

Mohammad: တကယ်လို့ ဘူတာနှစ်ခုကြားမှာရှိတဲ့ link ဟာ အကြောင်းတခုခုကြောင့် ပျက်စီးခဲ့ရင် ကျွန်တော်တို့ အနေနဲ့ bus service နဲ့ ထောက်ပံ့ပေးပါမယ်။ အဲဒီ service ကို degraded operation လို့ခေါ်ပြီး အဲဒီအစီအစဉ်က ၁၅ မိနစ်အတွင်း အသင့်ဖြစ်မှာ ဖြစ်ပါတယ်။

Gulf News: ရထားများနဲ့ ဘူတာရုံများကို ရမ်းကားဖျက်ဆီးမှုတွေကိုရော ဘယ်လိုတားဆီး ကာကွယ်မှာပါလဲ…။

Mohammad: ကျွန်တော်တို့အနေနဲ့ ခရီးသည်များကိုသာမက ရထားများ၊ ဘူတာများနှင့် လမ်းကြောင်းများရဲ့ လုံခြုံ စိတ်ချရမှုတွေအတွက်ကိုပါ ရည်ရွယ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ မီထရိုရဲများကိုလဲ ဒူဘိုင်းရဲတပ်ဖွဲ့ကနေ ထုတ်နှုတ်ဖွဲ့စည်းထားပြီး ဘူတာရုံများမှာ စောင့်ကြပ်နေမှာဖြစ်ပါတယ်။

ခရီးသည်များရဲ့ လုံခြုံရေးအတွက် ဘူတာရုံများနဲ့ ရထားတွဲတိုင်းမှာ ကင်မရာများတပ်ဆင် ထားရှိမှာ ဖြစ်ပါတယ်။ ဘူတာများနဲ့ ရထားများမှာ အသုံးပြုထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းများဟာလည်း ဟေလိုဂျင်နဲ့ toxics မပါတဲ့ မီးခံပစ္စည်းများ ဖြစ်ပါတယ်။ ရထားတွဲများ၊ ဘူတာများကို ပျက်စီးစေမှုနဲ့ ခရီးသည်များကို အန္တရာယ်ဖြစ်အောင် ပြုလုပ်ခြင်းများအတွက် ဒဏ်ငွေများနဲ့ အပြစ်ဒဏ်များကို နောက်ပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

Gulf News: မီထရိုဘူတာရုံများနဲ့ လမ်းပိုင်းများကို ကာကွယ်ဖို့အတွက် မြေငလျင်ဆိုင်ရာကုဒ်များကိုရော လိုက်နာဆောင်ရွက်ထားပါသလား…။

Mohammad: ဟုတ်ကဲ့။

Gulf News: မီထရိုကို လည်ပတ်နိုင်ဖို့နဲ့ ပြုပြင်ထိန်းသိမ်းနိုင်စေဖို့အတွက် လူအရေအတွက် ဘယ်လောက်များ လိုအပ်မှာပါလဲ…။

Mohammad: ကျွန်တော်တို့မှာ operation and maintenance အတွက် လူဦးရေ ၃၂၀၀ လောက် လိုအပ်မှာဖြစ်ပါတယ်။

Gulf News: ရထားကို မောင်းနှင်ပြေးဆွဲရန်အတွက် လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုအပ်ပါသလဲ…။

Mohammad: ကျွန်တော်တို့မှာ လမ်းကြောင်းတွေကို လျှပ်စစ်ဓာတ်အားပေးနိုင်တဲ့ စက်ရုံအပိုတစ်ခု အပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ခုရှိပါမယ်။ လမ်းကြောင်းတွေပေါ်က ဓာတ်အားလိုင်းတွေကိုတော့ လျှပ်စစ်ဓာတ်လိုက်မှုများ မဖြစ်စေရန်အတွက် လျှပ်ကာပစ္စည်းများနဲ့ အကာအကွယ်လုပ်ထားပါတယ်။

Gulf News: ရထားတစ်စီး ဘူတာမှာရပ်နားချိန် ဘယ်လောက်ကြာမြင့်မှာပါလဲ…။

Mohammad: ပုံမှန်ရပ်နားချိန်ကတော့ ခရီးသည်တွေကို အတင်အချလုပ်ဖို့အတွက် ၁၅ စက္ကန့်ကနေ ၂၀ စက္ကန့်လောက်ထိကြာမှာ ဖြစ်ပါတယ်။ ခရီးသည် အသွားအလာအရမ်းများတဲ့ ဘူတာရုံတွေမှာတော့ စက္ကန့် ၃၀ လောက်ထိအောင် ရပ်နားပါမယ်။ ပလက်ဖောင်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာများကလဲ အခြေအနေအားလုံးကို စောင့်ကြည့်မှတ်သားထားမှာဖြစ်ပြီး ရထားတံခါးကို တမင်သက်သက် ပွင့်စေအောင် ပြုမူမှုတွေအတွက် ဒဏ်ငွေများကောက်ခံရန် ဆောင်ရွက်မှာဖြစ်ပါတယ်။

Ref; mymetroworld

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com